|
| The Treasure of the Sierra Madre |
၁၉၄၈ ခုနှစ်ဆိုတဲ့အတိုင်းအတာမှာ အတော်ကို ကောင်းမွန်တဲ့ဇာတ်ကားဖြစ်ပြီး ဒီနေ့ခေတ် ဇာတ်ကားတော်တော်များများနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဇာတ်အိမ်မျိုးပဲ ဖြစ်ပါတယ်။ အင်တာနေရှင်နယ်ဆု ၉ ဆုအထိ ရရှိထားပြီး Oscar သမိုင်းတလျှောက် သားအဖနှစ်ယောက်လုံး Oscar ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဖေဖြစ်တဲ့ John Huston က ဒါရိုက်တာဆုနဲ့ သားဖြစ်တဲ့ Walter Huston က ဇာတ်ပို့ဆု ရရှိခဲ့တာပါ။ ခရမ်းချဉ်သီးလေးကလည်း နီရဲလုံးပြည့်တင်းနေတဲ့ 100% ပဲ ဖြစ်ပါတယ်။ IMDb 8.2 ဆိုတာထက်ပိုရခဲ့သင့်ပြီး အဓိက ဇာတ်ဆောင်သုံးယောက်လုံး သူ့တာဝန် သူကျေပွန်အောင် သရုပ်ဆောင်ပြခဲ့တာ အားရစရာ သိပ်ကောင်းပါတယ်။ ဇာတ်အိမ်ခိုင်ခန့်ပြီး Adventure ဆိုတာထက် Thrill Vibe ရောက်အောင် အကောင်းဆုံး ရိုက်ပြနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်း
===============
အမေရိကန်နိုင်ငံသား ဒေါ့ပ်ဟာ မက္ကဆီကိုနိုင်ငံမှာ အလုပ်လက်မဲ့ဘဝနဲ့ တောင်းစားနေရပြီး ကြုံရာကျပန်း ဝင်လုပ်နေရပါတယ်။ ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းရင်း ကာတင်ဆိုတဲ့ ဘဝတူ မိတ်ဆွေတစ်ဦးကို ရခဲ့ပါတယ်။
နှစ်ယောက်သား အလုပ်အတူကြိုးစားရင်း ငွေလေးတချို့ စုဆောင်းမိလာပေမယ့် ဘာဆက်လုပ်ရမှန်းမသိတာကြောင့် ရွှေတူးတဲ့အကြောင်း ပြောပြဖူးတဲ့ အဘိုးကြီးတစ်ယောက်ဆီ ရောက်သွားခဲ့ပါတယ်။
အဘိုးကြီးနဲ့အတူ မက္ကဆီကိုတောတန်းတစ်နေရာကို သွားပြီး ရွှေရှာဖို့အကြောင်းဖန်လာခဲ့ပါတယ်။ လူဆိုတဲ့အမျိုးဟာ ရလေလိုလေ အိုတစ္ဆေဆိုတဲ့အတိုင်း ရွှေတွေများလာတဲ့အခါမှာတော့ အချင်းချင်း မသင့်မြတ်မှုတွေ မယုံကြည်မှုတွေ ကြီးထွားလာခဲ့ပါတယ်။
အဘိုးကြီးနဲ့ ကာတင်က လောဘမတက်ကြပေမယ့် ဒေါ့ပ်ကတော့ လောဘရဲ့သားကောင် ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေ ဒေါ့ပ်ဟာ မကောင်းမှုတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး နောက်ဆုံးရွှေတွေကို ဘယ်သူအပိုင်ရသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ကြည့်တဲ့သူတွေ လုံးဝမထင်ထားတဲ့ Ending ဖြစ်မှာ အာမခံပါတယ်။ ခံစားကြည့်ရှုကြပါခင်ဗျာ။
