|
| The Odyssey (1997) |
The Odyssey (1997)
အပိုင်းနှစ်ပိုင်းပါဝင်ပြီး ၃ နာရီရှည်လျားတဲ့ ဒီ ဂန္ဓဝင်ဗားရှင်းကတော့ ခရစ်နိုလန်ရဲ့ အော်ဒစ်ဆီးအသစ်နဲ့ သေချာပေါက် ယှဉ်ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရစ်နိုလန်က ပိုပြီးလူသားဆန်တဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားပြီး ဒီ၂ပိုင်းတွဲကတော့ ဂရိပုံပြင်တွေအတိုင်း ပိုပြီးနီးစပ်ပါတယ်။ နတ်ဘုရားတွေကို အကောင်အထည် အကုန်ထည့်ပြပြီး ဆက်ဆံပြောဆိုစေခဲ့တာပါ။
နိုင်ငံပေါင်း ၆ နိုင်ငံ (မော်ရိုကို၊ ဂရိ၊ အီတလီ၊ အိုက်စလန်၊ စကော့တလန်နဲ့ အနောက်ဆဟာရ) မှာ တကယ့် Location တွေချည်း သွားရိုက်ထားတာမို့ ရှုခင်းတွေ၊ မြင်ကွင်းတွေကလည်း တကယ်ကို အကြမ်းစားပါပဲ။ ဧရာမ မြင်းရုပ်ကြီးတွေ၊ ဆိုက်ကလော့ဘီလူးတွေကို တကယ်တည်ဆောက်ရိုက်ကူးထားတာဖြစ်ပြီး သင်္ဘောကြီးတွေပေါ်မှာ လှေလှော်ပညာကိုပါ တကယ့်သင်ယူစေပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဘီလူးအစစ်နဲ့ စုန်းမအစစ်တွေကိုတောင် ထည့်ရိုက်ချင်တဲ့လူမျိုးပါပဲ။
ဇာတ်လမ်းအကျဉ်း
ဂဒီကားက ဟိုးအရင်ခေတ်က စာဆိုတော် ဟိုးမား (Homer) ရဲ့ နာမည်ကျော် ကဗျာရှည်ကြီးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် အစ်သီကာ(Ithaca) ပြည်ရဲ့ ဘုရင် အော်ဒစ်ဆီးယပ်စ် (Odysseus) ဟာ ထရွိုင် (Troy) စစ်ပွဲကို သွားတိုက်ဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ကြီးနဲ့ ကျန်ခဲ့တဲ့ မိန်းမဖြစ်သူ ပန်နီလိုပီ (Penelope) ကို ထားခဲ့ပြီး စစ်ထွက်တိုက်ရတော့တာပေါ့။
ထရွိုင်စစ်ပွဲမှာ အော်ဒစ်ဆီးယပ်စ်တို့ဘက်က နာမည်ကြီး ထရိုဂျန်မြင်းရုပ်ကြီး (Trojan Horse) ကို သုံးပြီး အနိုင်ရသွားပါတယ်။ ဒါပေမဲ့ နိုင်သွားတဲ့အချိန်မှာ သူက နတ်ဘုရားတွေရဲ့ အကူအညီမပါဘဲ သူကိုယ်တိုင် စွမ်းလို့ နိုင်တာဆိုပြီး ကြွားလိုက်မိတာကနေ ပြဿနာစတော့တာပါပဲ။ ပင်လယ်စောင့်နတ်ဘုရား ပိုဆိုက်ဒန် (Poseidon) က ဒေါသထွက်သွားပြီး "မင်း အိမ်ပြန်ရာလမ်းမှာ အခက်အခဲပေါင်းစုံနဲ့ တွေ့စေရမယ်" ဆိုပြီး ကျိန်စာတိုက်လိုက်ပါတယ်။
အဲဒီနောက်ပိုင်း အော်ဒစ်ဆီးယပ်စ် တစ်ယောက် အိမ်ပြန်ရောက်ဖို့အရေး ပင်လယ်ပြင်မှာ ဆယ်နှစ်လောက် ဒုက္ခပေါင်းစုံ ကြုံရတော့တာပါပဲ။ မျက်လုံးတစ်လုံးတည်းရှိတဲ့ ဘီလူးကြီးတွေ (Cyclops)၊ လူကို တိရစ္ဆာန်အဖြစ် ပြောင်းပစ်တတ်တဲ့ စုန်းမတွေ၊ သီချင်းဆိုပြီး ဖြားယောင်းတတ်တဲ့ ဆိုင်းရင်း (Sirens) တွေ စတဲ့ အန္တရာယ်ပေါင်းစုံကို ရင်ဆိုင်ရပါတယ်။ တပြိုင်နက်တည်းမှာပဲ သူ့ရဲ့ မွေးရပ်မြေ အီသကာမှာလည်း သူသေပြီထင်ပြီး သူ့မိန်းမကို အတင်းယူ၊ ထီးနန်းကို လုချင်နေတဲ့ လူတွေကလည်း ဝိုင်းဝိုင်းလည်နေတာလေ။
အိုဒစ်ဆီးယပ်စ် တစ်ယောက် ဒီအန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ပြီး သူ့ချစ်ဇနီးနဲ့ သားဆီ ပြန်ရောက်အောင် သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ ၁၉၉၇ ခုနှစ်က ကားဆိုပေမဲ့ အဲဒီခေတ်က အထူးပြုလုပ်ချက်တွေနဲ့ အကောင်းဆုံး တင်ဆက်ထားလို့ အခုချိန်ထိ ကြည့်လို့ကောင်းတုန်းပါပဲ။ စွန့်စားခန်းတွေ၊ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ဇာတ်လမ်းအချိတ်အဆက်တွေက တကယ်ကို မိုက်လို့ အားလပ်ရက်မှာ အေးအေးဆေးဆေး ကြည့်ဖို့ အကြံပေးလိုက်ပါတယ်နော်။
