|
| Nightborn (2026) |
Nightborn (2026)
Hatching (2022) ရုပ်ရှင်နဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဖင်လန်ဒါရိုက်တာ Hanna Bergholm ရဲ့ ၂၀၂၆ ထွက် ဇာတ်ကားသစ် Nightborn ဟာ Folk Horror နဲ့ Body Horror ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ Harry Potter ရုပ်ရှင်တွေထဲကနေတစ်ဆင့် လူသိများတဲ့ မင်းသား Rupert Grint နဲ့ Seidi Haarla တို့က ဇနီးမောင်နှံအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းကတော့ Saga နဲ့ သူ့ရဲ့ ဗြိတိသျှအမျိုးသား Jon တို့က သာယာတဲ့ မိသားစုဘဝလေးတစ်ခု တည်ထောင်ဖို့အတွက် ဖင်လန်နိုင်ငံရဲ့ တောနက်ကြီးထဲမှာရှိတဲ့ Saga ရဲ့ ငယ်ဘဝအိမ်ဟောင်းကြီးဆီ ပြောင်းရွှေ့လာရာကနေ စထားပါတယ်။ အိမ်က တော်တော်လေး ဟောင်းနွမ်းနေပေမဲ့ သစ်တောအုပ်ကြီးရဲ့ အေးချမ်းမှုနဲ့အတူ မကြာခင်မှာပဲ Saga မှာ ကိုယ်ဝန်ရှိလာပြီး သားလေးတစ်ယောက် မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ Saga တစ်ယောက် သူ့ကလေးမှာ ပုံမှန်မဟုတ်တဲ့ ထူးဆန်းဆန်းကြယ်မှုတွေ ရှိနေတာကို သတိထားမိလာတယ်။ ကလေးရဲ့ ကျောကုန်းမှာ အမွှေးတွေ ပေါက်နေတာ၊ အပြုအမူတွေက သာမန်ကလေးတွေလို မဟုတ်ဘဲ ထိတ်လန့်စရာကောင်းနေတာတွေ တွေ့လာရတာပေါ့။
ယောကျာ်းဖြစ်သူ Jon နဲ့ ဘေးလူတွေကတော့ Saga ကို မီးဖွားပြီးစ စိတ်ဖိစီးမှုကြောင့် ဂယောက်ဂယက်ဖြစ်နေတယ်လို့ပဲ ထင်ကြတယ်။ ဒါပေမဲ့ Saga ကတော့ သူ့ကလေးဟာ သာမန်ကလေး မဟုတ်ဘဲ သစ်တောနက်ကြီးရဲ့ အမှောင်ထုထဲက ရှေးဟောင်း မကောင်းဆိုးဝါး သတ္တဝါဆန်းတစ်ကောင် ဖြစ်နေတယ်ဆိုတာကို တစ်ယောက်တည်း ရိပ်မိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။
ဒီကားလေးဟာ ဇနီးမောင်နှံနှစ်ယောက်ကြားက သံသယတွေ၊ မိခင်တစ်ယောက်ရဲ့ အထီးကျန်မှုတွေနဲ့ ကလေးရဲ့ ဖြစ်တည်မှုနောက်ကွယ်က အမှန်တရားကို လိုက်ရှာတဲ့ ဇာတ်လမ်းကို ဖင်လန်သစ်တောကြီးရဲ့ အေးစက်စက် အငွေ့အသက်တွေနဲ့အတူ စိတ်ခြောက်ခြားစရာ ပုံဖော်ထားတာပါ။ ကလေးမွေးဖွားပြီးစ မိခင်တစ်ယောက် ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ အမှောင်ထုကြားက လွန်ဆွဲမှုကို ပညာပါပါ ရိုက်ကူးထားသလို၊ ဖခင်တစ်ယောက်အနေနဲ့ ရင့်ကျက်တဲ့ သရုပ်ဆောင်ချက်တွေကို ပြသသွားတဲ့ Rupert Grint ကြောင့် သဘာဝလွန် ထိတ်လန့်စရာကားတွေ ကြိုက်တတ်ရင် လက်မလွှတ်သင့်တဲ့ ကားတစ်ကားလို့ ညွှန်းပေးလိုက်ပါတယ်။
